မေ ၂၄ ရက်သတင်းအနှစ်ချုပ်- ချင်းမိုင်မြို့မှာ ဘားနဲ့ ကာရာအိုကေဆိုင်တစ်ဆိုင်က မြန်မာ ၁၂ ဦး အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, วิทยุจราจร จราจรเพื่อชุมชนเชียงใหม่
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြိုလယ်က ဘားနဲ့ ကာရာအိုအေ တွဲဖွင့်ထားတဲ့ဆိုင် တစ်ဆိုင်ကို ချန်ဖောက်ရဲတပ်ဖွဲ့နဲ့ ခရီးသွားရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မနေ့ ညပိုင်းတုန်းက ဝင်ရောက်စစ်ဆေးချိန် အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၂ ဦး အဖမ်းခံရတယ်လို့ ချင်းမိုင်က မြန်မာအလုပ်သမားအရေး ကူညီပေးသူနဲ့ ထိုင်းသတင်းဌာနတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရသူ ၁၂ ဦးဟာ အဲဒီဆိုင်က ဂီတသမားတွေနဲ့ ဝန်ထမ်းတွေဖြစ်ပြီး သူတို့လက်ဝယ်ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မှာပါတဲ့ အလုပ်ရှင်နာမည်နဲ့ လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့အလုပ်ရှင် နာမည် မတူတာကြောင့် အဖမ်းခံရတာလို့ သိရပါတယ်။
"သူတို့က နေ့ဘက်မှာ Work Permit ထဲမှာရှိတဲ့ အလုပ်ရှင်ဆီမှာ အလုပ်လုပ်ပြီး ညပိုင်းမှာ အချိန်ပိုင်းအနေနဲ့ ဘားမှာ လာလုပ်ကြရင်း ဖမ်းမိတာ"လို့ ချင်းမိုင်အခြေစိုက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ Max ဖောင်ဒေးရှင်းက မခင်ဖုန်းက သူသိထားတဲ့အချက်အလက်တွေကို ပြောပါတယ်။
တရားဝင်အထောက်အထားရှိပေမဲ့ အလုပ်ရှင်မတူလို့ ဖမ်းခံရတာဖြစ်တာကြောင့် လက်ရှိအချိန်မှာ ရဲစခန်းမှာ စစ်ဆေးခံနေရပေမဲ့ ဒဏ်ငွေလောက်နဲ့ ပြီးသွားနိုင်တယ်လို့လည်း သူ့အတွေ့အကြုံပေါ် မူတည်ပြီး ပြောပြပါတယ်။
ချင်းမိုင်အခြေစိုက်သတင်းတွေမှာတော့ အဲဒီဘားဟာ ထိုင်းသင်္ကြန် ဆုန်ခရမ်ကာလကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး မြန်မာတွေ စုဝေးလေ့ရှိတဲ့နေရာဖြစ်သလို ဆူညံသံကြောင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး တိုင်ကြားခံရတာကြောင့် ရဲက ဝင်ရောက် စစ်ဆေးခဲ့တာလို့ ဖော်ပြပါတယ်။
လက်ရှိမှာ အဲဒီဆိုင်ကို ဘယ်သူ လည်ပတ်နေတာလဲဆိုတာနဲ့ ငွေကြေးစိုက်ထုတ်ထားသူ ဘယ်သူတွေလဲဆိုတာကို စုံစမ်းစစ်ဆေးနေပြီလို့လည်း ချင်းမိုင်သတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့သူတွေ၊ တရားဝင်အထောက်အထားရှိပေမဲ့ ခွင့်ပြုထားတဲ့အလုပ်မဟုတ်ဘဲ တခြားအလုပ် လုပ်ကိုင်နေသူတွေကို ရှာဖွေစစ်ဆေးမယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီး ဂျူလာဖန် အမွန်ဝီဝက်က ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ ပြောခဲ့ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း ချင်းမိုင်မှာ မေလ ဒုတိယပတ်လောက်ကစပြီး အစစ်အဆေးတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ချင်းမိုင်မှာရှိတဲ့မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
"အရင်က လုပ်ငန်းတွေလောက်ပဲ စစ်တာ၊ ဘားတွေကတော့ ခဏခဏ စစ်တာပေါ့။ အခုက ရပ်ကွက်တွေထဲဝင်၊ နေအိမ်တွေကို တံခါးခေါက်စစ်တာက အခုရက်ပိုင်းမှာ ပိုများလာတာ"လို့ မြန်မာအလုပ်သမားက ပြောပါတယ်။
အလုပ်လုပ်ခွင့် မပြုထားတဲ့အလုပ် လုပ်ကိုင်နေရင် ထိုင်းဘတ်ငွေ ၅ ထောင်ကနေ ၅ သောင်း ပေးဆောင်ရမှာဖြစ်ပြီး ကိုယ့်နိုင်ငံကို ပြန်ပို့ခံရမှာ၊ တရားမဝင် အလုပ်သမားကို ခန့်ထားတဲ့အလုပ်ရှင်ကိုလည်း နိုင်ငံခြားသား အလုပ်သမားတစ်ယောက်အတွက် ဘတ် ၁ သောင်းကနေ ဘတ် ၁ သိန်းအထိ ဒဏ်ကြေးချမှတ်ခံရမှာ ဖြစ်တယ်လို ထိုင်းအလုပ်သမားရေးဝန်ကြီးက ပြောတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။
ကသာမြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်လို့ ၇ လသားကလေးအပါအဝင် စစ်ရှောင် ၃ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ ကသာ-အင်းတော်လမ်းပိုင်းမှာရှိတဲ့ နလယ်အင်းရွာအနီးကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုမှာ ၇ လအရွယ်ကလေးငယ်အပါအဝင် စစ်ရှောင် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရတယ်လို့ နယ်မြေအခြေအနေကို သိရှိသူက ပြောပါတယ်။
ကသာမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က မေ ၂၃ ရက်၊ ည ၉ နာရီဝန်းကျင်မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နလယ်အင်းရွာအနီးကို ကျရောက်ပေါက်ကွဲချိန် အခုလို လူသေဆုံးမှု ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ စစ်ရှောင် မိသားစု နှစ်စုကဖြစ်ပြီး သေဆုံးသွားတဲ့ ၇ လအရွယ်ကလေးရဲ့ မိခင်ကလည်း ပြင်းထန်တဲ့ဒဏ်ရာရရှိထားတယ်လို့ နယ်မြေအခြေအနေသိရှိသူက ပြောပါတယ်။
စစ်တပ်ဟာ ကသာ၊ အင်းတော်၊ ထီးချိုင့်၊ တကောင်း စတဲ့ မြို့တွေကို ပြီးခဲ့တဲ့ မတ်နဲ့ မော်လူးမြို့ကိုတော့ မေမှာ ပြန်ထိန်းချုပ်ခဲ့တယ်လို့ နေပြည်တော်က ထုတ်ပြန်ထားတာပါ။
ကသာမြို့မှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု ယန္တရား ပြန်လည်ပြတ်နိုင်ဖို့ ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ ဝန်ထမ်းတွေကို ကြိုဆိုပွဲတွေလုပ်ခဲ့ပါသေးတယ်။
တဖက်မှာလည်း KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပြောက်ကြားစနစ်နဲ့ စစ်တပ်ကို တိုက်ခိုက်နေတာကြောင့် ကသာ၊ အင်းတော်နဲ့ မော်လူးဘက်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေတာပါ။
ကချင်လွတ်လပ်ရေးတပ် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကသာပတ်ဝန်းကျင်က စစ်စခန်းတချို့နဲ့ အင်းတော်ဘက်က စီပိန်း စခန်းတို့ကို ပြန်သိမ်းပိုက်ထားတယ်လို့ ဘီဘီစီကို မေ ၂၃ ရက်မှာ ပြောပါတယ်။
မော်လူးနဲ့ နမ့်စီးအောင်ရွာကြားမှာရှိတဲ့ စီပိန်းရွာကို မေ ၂၁ ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ခဲယမ်းတွေကို သိမ်းပိုက်ရရှိထားတာကိုလည်း တော်လှန်ရေးအဖွဲ့တွေက ရုပ်သံမှတ်တမ်းတွေ ထုတ်ပြန်တာ တွေ့ရပါတယ်။
စစ်တပ်က မန္တလေးကနေ မြစ်ကြီးနားတလျှောက်က မြို့တွေထဲက မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူး မြို့တွေကို ဆက်တိုက် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာဖြစ်ပြီး KIA နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေကလည်း ပြန်လည်တိုက်ခိုက် နေပါတယ်။












