အမျိုးသားနှစ်ယောက်ရဲ့ကိုယ်ဝန်ကို တပြိုင်နက်ဆောင်ခဲ့တဲ့အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, David Zorrakino/Europa Press via Getty Images
- ရေးသားသူ, ဆန်တီရေဂို ဗန်နီးဂက်စ်
- ရာထူးတာဝန်, ဘီဘီစီ မွန်ဒို
- ဖတ်ရန်အချိန်: မိနစ် ၅
၂၀၁၈ တုန်းက အမျိုးသမီးတစ်ယောက်ဟာ ကိုလံဘီယာအမျိုးသားတက္ကသိုလ်(National University of Colombia) က မျိုးဗီဇဆိုင်ရာ ဓာတ်ခွဲခန်းကို လာရောက်ပြီး သူ့ရဲ့ ၂ နှစ်အရွယ် အမွှာ သားယောက်ျားလေး နှစ်ယောက်ရဲ့ဖခင်ဖြစ်သူက ဘယ်သူလဲဆိုတာကို အတည်ပြုသိရဖို့ အကူအညီတောင်းခဲ့ပါတယ်။
ဖခင်က ဘယ်သူဘယ်ဝါဆိုတာ သိရဖို့ ဓာတ်ခွဲခန်းက သူတို့ ပုံမှန်လုပ်ဆောင်ပေးတဲ့နည်းလမ်းတွေအတိုင်း စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ တစ်ခါတည်းမဟုတ်ဘဲ နောက်ထပ်တစ်ကြိမ် ထပ်ပြီး စမ်းသပ်မှုကို လုပ်ခဲ့ပါတယ်။ ရလဒ်က သိပ်ကို အံ့သြစရာကောင်းလို့ သူတို့က လုံးဝသေချာတဲ့အဖြေရအောင် ထပ်ပြီး စမ်းသပ်တာပါ။ အမွှာလေးတွေရဲ့မိခင်က တစ်ယောက်တည်းပါ။ ဖခင်ကတော့ ၂ယောက် ဖြစ်နေတာကို သူတို့ တွေ့လိုက်ရပါတယ်။
ဒါက သိပ်ကို ရှားပါးလွန်းလှတဲ့ အဖြစ်မျိုးပါ၊ ဆေးပညာအရ heteropaternal superfecundation လို့ ခေါ်ပြီး မြန်မာလို အကျဉ်းချုံးဘာသာပြန်ရရင် အမျိုးသမီးတစ်ဦးရဲ့ မျိုးဥ ၂ ခုမှာ အမျိုးသား ၂ ဦးရဲ့သုတ်ပိုးနဲ့ အချိန်ကာလအနည်းငယ်အတွင်း မျိုးအောင် သန္ဓေတည်တာ ၂ ခု ဖြစ်လာတာပါ။
ကမ္ဘာ့သိပ္ပံပညာအဝန်းအဝိုင်းမှာ သမိုင်းတလျောက် ဒီလိုမျိုးက အခါ ၂၀ ပဲတွေ့ရှိခဲ့ဖူးပါတယ်။
အဲဒီတက္ကသိုလ်က ပညာရှင်တွေလည်း ဒီလိုအဖြစ်မျိုးက သီအိုရီထဲမှာတော့ ရှိနိုင်တယ်လို့ သိထားရပေမဲ့ အခုလိုရှားရှားပါးပါး တွေ့လိုက်ရတော့ ဒါကို သူတို့ စိတ်ဝင်တစား ထပ်စူးစမ်းဖို့ ဖြစ်လာစေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Drs Producoes via Getty Images
ပညာရှင်တွေ ဘယ်လို တွေ့ရှိခဲ့တာလဲ
ဖခင်ဘယ်သူလဲဆိုတာကို ဆန်းစစ်ဖို့ ကိုလံဘီယာအမျိုးသားတက္ကသိုလ်ရဲ့ ဗီဇဆိုင်ရာ အင်စတီကျုက ပညာရှင်တွေက မိုက်ခရိုစတယ်လိုက် မတ်ခ်ကာ (moicrosatellite markers) လို့ ခေါ်တဲ့ နည်းပညာကို အသုံးပြုခဲ့ကြပါတယ်။
အလွယ်ရှင်းပြရရင်တော့ ကလေးရယ်၊ မိခင်ရယ်၊ ဖခင်ဖြစ်နိုင်တယ်လို့ မြင်ထားတဲ့သူရယ် စတဲ့ သူတွေရဲ့ဒီအန်အေ (DNA)အပိုင်းအစလေးတွေကို ဆန်းစစ် နှိုင်းယှဉ်ကြည့်တာပါ။
"ကျွန်တော်တို့ အဲဒီလူတိုင်းက ဒီအန်အေကို ယူပြီး ကျွန်တော်တို့ အခေါ် မိုက်ခရိုစတယ်လိုက် (microsatellite) နေရာ ၁၅ ခု ကနေ ၂၂ ခုကို တခုချင်းစီ နှိုင်းယှဉ်ကြည့်တာပါ" လို့ အဲဒီ ဓာတ်ခွဲခန်း ဒါရိုက်တာ ပါမောက္ခ ဝီလျံ အူဆာကွန်က ဘီဘီစီ မွန်ဒိုဌာနကို ပြောပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းစဉ်က စွမ်းအားကောင်းတဲ့ မိုက်ခရိုစကုတ်အောက်မှာ ဒီအန်အေတွေကို စီရတာထက် ပိုပြီး ရှုပ်ထွေး နက်နဲပါတယ်။
သက်ဆိုင်ရာလူတွေဆီကနေ ပညာရှင်တွေက သွေးစ နမူနာ ယူပြီးတဲ့အခါ ဒီအန်အေ အပိုင်းအစလေးကို တခြားအရာတွေနဲ့ ကွဲသွားအောင် ခွဲထုတ်ဖို့ ဓာတုလုပ်ငန်းစဉ်တွေကို လုပ်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက် သူတို့က ဒီအန်အေကို ပုံကြီးချဲ့နိုင်အောင် အထူးကိရိယာတခုရဲ့အကူအညီကို ယူလိုက်ပါတယ်။
ရလာတဲ့အရည်တွေကို မီးစုန်းတောက်တဲ့အရောင်နဲ့ မြင်နိုင်အောင် ဆိုးဆေးနဲ့ ရောပြီး မိုက်ခရိုစတယ်လိုက်နေရာ ၁၅ ခု ကနေ ၂၂ ခုရဲ့နေရာတွေကို မှတ်သားနိုင်ခဲ့ပါတယ်။
နောက် မိုက်ခရိုစတယ်လိုက်တွေကို ဖတ်နိုင်ဖို့ တခြား စက်ကိရိယာထဲကို ဖြတ်စေပြိး ကိန်းဂဏန်း နံပါတ်အစီအစဉ်အဖြစ် ပြောင်းလဲသွားစေဖို့ အီလက်ထရိုဖိုရီးစစ်( electrophoresis) လုပ်ငန်းစဉ်နဲ့ လုပ်ဆောင်လိုက်ပါတယ်။
ကလေးရဲ့မျိုးရိုးဗီဇ တစ်ဝက်က မိခင်နဲ့တူပြီး နောက်တစ်ဝက်က ဖခင်ဖြစ်နိုင်ခြေရှိသူနဲ့ တူတယ်ဆိုရင် ကလေးရဲ့ဖခင်က ဘယ်သူလဲဆိုတာကို အတည်ပြုနိုင်ပါပြီ။
ထူးခြားလွန်းလှတဲ့ အဖြေရလဒ်
ကိုလံဘီယာက အမွှာလေးတွေကိစ္စမှာ သိပ္ပံပညာရှင်တွေက အမေရယ်၊ ကလေး ၂ ယောက်ရယ်၊ စမ်းသပ်မှုလာလုပ်တဲ့ ဖခင်ဖြစ်နိုင်သူရယ်တွေရဲ့ ဒီအန်အေတွေက မိုက်ခရိုစတယ်လိုက်စ် ၁၇ ခုကို ဆန်းစစ်ကြည့်ခဲ့ကြပါတယ်။
ဖခင်ဖြစ်နိုင်ခြေရှိသူရဲ့ဒီအန်အေက ကလေးတယောက်နဲ့ ဆင်တူပေမဲ့ နောက်ကလေး တစ်ယောက်ရဲ့ဒီအန်အေနဲ့ မတူခဲ့ပါဘူး။ အတော်ကို ထူးခြားလှတဲ့အဖြေရလဒ်ပါ။
"ကျွန်တော် ဒီဓာတ်ခွဲခန်းမှာ ဒါရိုက်တာ လုပ်လာတာ ၂၆ နှစ် ရှိပါပြီ။ ဒီအဖြေမျိုး ဒါ ပထမဆုံး အကြိမ်ကြုံရတာပါ။ အရင်က လုံးဝ မရှိခဲ့ပါဘူး။ ဒီ တကြိမ်ပဲ" လို့ အူဆာကွန်က ပြောပါတယ်။
"ဒီလိုအဖြစ်မျိုးတွေ ရှိတတ်တယ်ဆိုတဲ့ အစီရင်ခံစာတွေ ကျွန်မတို့ ကြားဖူးပါတယ်။ ဒါပေမဲ့ ကမ္ဘာမှာ ဒါက ရှားရှားပါးပါး ဖြစ်တတ်တာမျိုးပါ" လို့ အဲဒီဗီဇဆိုင်ရာအင်စတီကျုက ဗီဇ ပညာရှင်လည်းဖြစ် သုတေသီတစ်ဦးလည်းဖြစ်တဲ့ အင်ဒရေရာ ကက်စက်က ပြောပါတယ်။
ဆန်းစစ်တဲ့လုပ်ငန်းစဉ်တွေ အမှားအယွင်းရှိခဲ့လို့ ရလဒ်က ဒီလိုထွက်လာသလားဆိုတဲ့အချက်က မဟုတ်တဲ့အကြောင်း ဖယ်ထုတ်ပစ်နိုင်ရေးအတွက် စမ်းသပ်မှုကို ထပ်ပြီး အစကနေအဆုံး ပြန် လုပ်ခဲ့ကြပါတယ်။ အဖြေက လုံးဝ ထပ်တူထွက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, andipantz via Getty Images
ဒါမျိုးက ဘာလို့ ရှားပါးတာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်နိုင်ငံ ဘောလ်တီမိုးမှာရှိတဲ့ စမ်းသပ်ခန်းတခုက ပညာရှင်တွေက ၂၀၁၄ ခုနှစ်မှာ ဆောင်းပါး တစ်ပုဒ်ရေးပြီး ဖခင်ဘယ်သူဘယ်ဝါဆိုတာ သိနိုင်အောင်လုပ်တဲ့ ဆန်းစစ်မှုပေါင်း ၃၉,၀၀၀ မှာ ဖခင် ၂ ယောက် ဆိုတာမျိုးက ၃ ခုသာ ရှိခဲ့ကြောင်း အစီရင်ခံခဲ့ပါတယ်။
အူဆာကွန်က ဒီလိုဇီဝဖြစ်စဉ်က ဘာကြောင့် ရှားပါးတာလဲဆိုတာကို ရှင်းပြပါတယ်။
"ပထမဆုံးအချက်က အမျိုးသမီးအနေနဲ့ လိင်ဆက်ဆံဖက် ၂ ယောက် ရှိိနေတဲ့အချက်ပါ။ နောက်ပြီး သူတို့နဲ့အချိန် သိပ်မခြားခင်မှာ သူ အိပ်ခဲ့တာပါ။ နောက်ထပ် တစ်ချက်ကတော့ အမျိုးသမီးက မမျိုးဥ တစ်ဥ ထက်ပိုပြီး ကြွေနေတာမို့ပါ" လို့ သူက ဆိုပါတယ်။
မမျိုးဥ တစ်ဥ ထက်ပိုပြီး ကြွေတယ်ဆိုတာက ပုံမှန်ဓမ္မတာရာသီစက်ဝန်းကာလတစ်ခုအတွင်းမှာ မမျိုးဥ ၂ ဥ ဒါမှမဟုတ် ၂ ဥ ထက်များတဲ့ မမျိုးဥတွေ ကြွေတာကို ဆိုလိုတာပါ။ ပုံမှန်အားဖြင့် အမျိုးသမီး တယောက်ဟာ ရာသီစက်ဝန်း တစ်ကြိမ်မှာ မမျိုးဥ တစ်ဥသာ ကြွေတာပါ။
"နောက်ဆုံးအချက်ကတော့ မျိုးဥ ၂ ဥ စလုံး သန္ဓေအောင်သွားတာပါ" လို့ အူဆာကွန်က ပြောပါတယ်။
"ဖြစ်ခဲတာကို နောက်ဖြစ်လေ့သိပ်မရှိတာက ပေါင်းသွားတယ်။ နောက်ပြီး ဖြစ်လေ့မရှိတာတွေ ထပ်ဖြစ်တယ်၊ အဲဒီလိုတွေ ဖြစ်ခဲ့လို့ ဒီအဖြစ်ဖြစ်လာတာပါ" လို့ သူက ဆိုပါတယ်။
အမွှာတွေက ဖခင်မတူတဲ့အခါကျတော့ ချွတ်စွပ်တူတဲ့အမွှာတွေ မဖြစ်ကြတဲ့ အချက်ကလည်း သတိပြုစရာပါ။ ချွတ်စွပ်တူတဲ့အမွှာတွေက မိခင်မျိုးဥ တစ်ခုနဲ့ ဖခင်တစ်ဦးရဲ့သုတ်ပိုးတို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုဂ္ဂလိကကိုယ်ပိုင် ဘဝတွေ
အမျိုးသမီးတွေမှာ မျိုးဥက တစ်ဥမကပဲ တစ်ဥ ထက်ပိုပြီး ကြွေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မျိုးဥ တစ်ဥက သန္ဓေအောင်သွားပြီးရင် ကျန်တဲ့သက်တမ်းကုန် မျိုးဥတွေက ချက်ချင်းလိုလို သေဆုံးသွားပါတယ်။
ဒီတော့ သန္ဓေမအောင်သေးတဲ့ ကျန်မျိုးဥတွေထဲက တစ်ခုက သက်တမ်းကုန် မသေဆုံးသွားသေးဘဲ နောက်ထပ် သန္ဓေအောင်ခဲ့လို့ မိခင် တစ်ဦး၊ ခင်ပွန်း ၂ ဦး ကိုယ်ဝန် ဖြစ်လာတာပါ။
အမေရိကန် ဆေးပညာရပ် အမျိုးသားစာကြည့်တိုက်ရဲ့အဆိုအရ မ မျိုးဥ တစ်ဥဟာ ဥအိမ်ကကြွေလာပြီးတဲ့နောက် မ မျိုးပွား အင်္ဂါတွေထဲမှာ ၂၄ နာရီ လောက်ပဲ အသက်ရှင်နိုင်ကြကြောင်း သိရပါတယ်။
ဒါပေမဲ့ မမျိုးဥတွေ ကြွေတာက တူညီတဲ့အချိန် တခုအတွင်းမှာ မကြွေဘဲ အချိန်ခြားပြီးလည်း ကြွေနိုင်တယ်လို့ မစ္စ အင်ဒရေရာက ရှင်းပြပါတယ်။
"တစ်ခါတလေမှာ ဥအိမ်ကနေ မျိုးဥ တစ်လုံး ကြွေကြီး နောက် ၂ ရက် ၃ ရက် ကြာမှ နောက်ထပ် မျိုးဥ တစ်လုံး ကြွေတာမျိုးလည်းရှိတယ်" လို့ သူက ပြောပါတယ်။
အချိန်ခြားပြီး မျိုးဥကြွေရင် မျိုးအောင်တာက ပိုပြီးတိုးလာနိုင်ခြေရှိတာပါပဲလို့ သူက ထပ်လောင်း ပြောပါတယ်။
ဒီလိုဖြစ်တာဖြစ်ရပ်နည်းနည်းပဲရှိတယ်ဆိုတာကလည်း ဒီလို ဖခင်က ဘယ်သူဘယ်ဆိုတဲ့ စမ်းသပ်စစ်ဆေးတာမျိုးကို လူအများစုက သိပ်မလုပ်ကြတာကြောင့်ပါ။
ဒီလိုအဖြစ်မျိုးတွေက အနာဂတ်မှာ သိပ်ပြီး ထူးထူးဆန်းဆန်းကြီး ဆက်ဖြစ်နေမယ့်ပုံ မရှိဘူးလို့ဗီဇ အင်စတီကျုက သုတေသီတွေက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာဆိုရင် စမ်းသပ်မှုတွေက အများနဲ့လက်လှမ်းပိုမှီလာနိုင်သလို ဖခင်က ဘယ်သူလဲဆိုတာကို ဆန်းစစ်တာတွေကလည်း ပိုပြီးတော့ များလာမှာမို့လို့ သူတို့က ပြောပါတယ်။
မိခင်လွယ်ထားတဲ့ ကိုယ်ဝန်က ဖခင် ၂ ယောက် ဖြစ်သွားပုံ နောက်ခံ ဇာတ်လမ်းကို သုတေသီတွေက ပညာရပ်ပိုင်းဆိုင်ရာအရ စိတ်ဝင်စားပေမဲ့ သုတေသီတစ်ယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေအရ သက်ဆိုင်ရာလူတွေရဲ့ပုဂ္ဂလိက ကိုယ်ပိုင်ဘဝတွေကိုလည်း အလေးထားကြရပါတယ်။
"ဖခင် ဘယ်သူဘယ်ဝါဆိုတာကို သိရအောင် ဆန်းစစ်ပေးရာမှာ ပတ်သက်သူအားလုံးရဲ့ ဂုဏ်သိက္ခာတွေကို အမြဲအလေးထား စောင့်ထိန်းပြီး စမ်းသပ်မှုတွေကို လုပ်ရပါတယ်" လို့ အူဆာကွန်က ရှင်းပြပါတယ်။









