အမေရိကန်နဲ့ အီရန် စစ်အဆုံးသတ်ရေး သဘောတူညီမှု ရဖို့ နီးစပ်
အမေရိကန်နဲ့ အီရန်တို့ အကြား စစ်ပွဲ အဆုံးသတ်ရေးအတွက် သဘောတူညီမှု တခု ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် အာရှဈေးကွက်မှာ ရေနံဈေးတွေ ၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။ ဈေးကွက်တွေ ပြန်ဖွင့်ချိန်မှာ ဘရန့် ရေနံစိမ်းဈေးဟာ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစည်ကို ဒေါ်လာ ၁၀၀ အောက်နဲ့ စဖွင့်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ထရမ့်က အမေရိကန်ဘက်က စေ့စပ်ညှိနှိုင်းကြသူတွေကို အီရန်နဲ့ သဘောတူညီချက် တခု ရဖို့ အတွက် သိပ်မလောကြဖို့ ပြောနေတဲ့ ကြားကပဲ အခုလို ဈေးတွေ ကျသွားခဲ့တာပါ။
အစောပိုင်းကလည်း မစ္စတာထရမ့်က တီဟီရန်ဘက်က သဘောတူညီမှု ရနိုင်ဖို့ အတော်နီးစပ်လာနေပြီ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အီရန်ကလည်း တီဟီရန်နဲ့ ဝါရှင်တန်အကြား စစ်အဆုံးသတ်ရေး သဘောတူညီမှု အတွက် ကိစ္စအတော်များများမှာ နားလည်မှု ရခဲ့တယ်လို့ ဒီတနင်္လာနေ့မှာပဲ ပြောပါတယ်။
ဒါပေမဲ့ သဘောတူညီချက် ရဖို့ကတော့ ချက်ချင်းမဖြစ်နိုင်သေးကြောင်း ဆိုပါတယ်။ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ် ကိစ္စတွေလို မပြေလည်သေးတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီသတင်းထောက် ဂျိုးအင်ဝုဒ် ရှင်းပြထားတဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။



