လိင်ပိုင်းကျူးလွန်မှုနဲ့ စွပ်စွဲခံရတဲ့ သီရိလင်္ကာ ဆရာတော် တာဝန် ဆိုင်းငံ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိလင်္ကာနိုင်ငံက ဆရာတော်ကြီးတပါးက မိန်းကလေးငယ်တဦးကို လိင်ပိုင်းကျူးလွန်မှု ပြုခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် တနိုင်ငံလုံး ခြောက်ခြားသွားခဲ့ပြီး အခု ဒီဆရာတော်ကို ဗုဒ္ဓဘာသာ အကြီးအကဲတွေက ရာထူးတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပါတယ်။
သီရိလင်္ကာက ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် နေရာဌာန ရှစ်ခုကို စောင့်ရှောက်သူ ရာထူးကနေ အရှင် ပယ်လဂါမ ဟေမရတနကို ကန္ဒီမြို့ သံဃာ့ကောင်စီက ဖယ်ရှားခဲ့ပါတယ်။
ဥပဒေကြောင်းအရ ဆောင်ရွက်မှုတွေ နောက်ဆုံးအမိန့်ချတဲ့အထိ မပြီးမချင်း ဒီလို ဆိုင်းငံ့ထားမှာ ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးကြဖို့လည်း သံဃာ့ကောင်စီက ဆိုင်ရာကို တောင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆရာတော်ကို မုဒိမ်းမှု စွဲချက်တွေနဲ့ မေလ ကိုးရက်က ဖမ်းဆီးခဲ့တာပါ။ ၂၀၂၂ တုန်းက ကိုလံဘို မြို့တော် မြောက်ဘက် အနုရုဒ္ဓပူရမြို့က မဟာဗောဓိပင်ကြီးရှိရာ အရပ်မှာ ဖြစ်ခဲ့တဲ့ အမှုလို့ ရဲက ပြောပါတယ်။
ဒီဆရာတော်ကို အာမခံပေးထားပေမယ့် ပြည်ပ ခရီးသွားခွင့် ပိတ်ထားပါတယ်။
၁၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားခဲ့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရပြီးနောက် ဒီဆရာတော်ကို ရမန်ယူပြီး ထောင်မှာ ချုပ်ထားခဲ့ပါတယ်။
ပယ်လဂါမ ဟေမရတန မထေရ်ကြီး ယူခဲ့တဲ့ တာဝန်က ဗုဒ္ဓဘာသာလောကမှာ အထွတ်အမြတ်အထားဆုံး ရာထူးတခု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိလင်္ကာရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဌာနက တင်သွင်း တောင်းဆိုမှု လုပ်ပြီးနောက် ဆရာတော်ကြီးကို ဖမ်းဆီးခဲ့ပါတယ်။
အမှုမှာ သံသယ တရားခံအဖြစ် စာရင်းသွင်းခံရပေမယ့် ရဲက ဆရာတော်ကို ချက်ချင်း မဖမ်းတဲ့အတွက် ကလေး စောင့်ရှောက်ရေး ဌာနက ပြစ်တင် ဝေဖန်ခဲ့ပါတယ်။
မတ်လ ၆ ရက်က အသက်မပြည့်သေးသူတဦးကို ဖမ်းဆီးချုပ်နှောင်မှုနဲ့ ဒေသရဲစခန်းမှာ တိုင်ကြားခဲ့ပြီးနောက် ဒီစွပ်စွဲမှုတွေ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။ သံသယရှိသူတဦးကို ရဲက ဖမ်းဆီးပြီး မိန်းကလေးငယ်ကို စောင့်ရှောက်ရေးဂေဟာမှာ ထားရှိပြီး မေးမြန်းမှုတွေ လုပ်ပြီးနောက် ကာလကြာရှည်အောင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲမှုတွေ ပေါ်ထွက်ခဲ့တယ်လို့ ဗြိတိန်ထုတ် အင်ဒီပင်းဒင့် သတင်းစာက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မတရားပြုကျင့်ခံရတယ် ဆိုတဲ့ မိန်းကလေးရဲ့ မိခင်ကိုလည်း ဒီကျူးလွန်မှုမှာ အားပေးကူညီမှုနဲ့ ဖမ်းဆီးပြီး ရမန်နဲ့ ချုပ်ထားပါတယ်။
ဆရာတော် ပယ်လဂါမ ဟေမရတန ကိုလံဘိုက ပုဂ္ဂလိက ဆေးရုံမှာ ဆေးကုသနေတုန်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းမှာ ကြည်ညိုလေးစားခံရပြီး နိုင်ငံရေးမှာလည်း ဗုဒ္ဓဘာသာ ရဟန်းတော်တွေ အာဏာကြီးတဲ့ သီရိလင်္ကာမှာ ဒီလိုမျိုး ထိပ်တန်းဆရာတော်တပါးကို ဖမ်းဆီးတာမျိုး တွေ့ရခဲပါတယ်။
သီရိလင်္ကာမှာ ဘုန်းတော်ကြီး အပါး ၃၀၀ နီးပါး ကလေးသူငယ်တွေကို စော်ကားကျူးလွန်တယ်ဆိုပြီး အရင်သုံးနှစ်အတွင်းက စွပ်စွဲခံခဲ့ရပြီး ဒီထဲက အပါး ၃၀ နီးပါးလောက်ကို တရားစွဲတာတွေ ရှိခဲ့ကြောင်း ကလေးသူငယ် စောင့်ရှောက်ရေး ဌာနကို ကိုးကားပြီး စီစဉ်ကျူးလွန်တဲ့ ရာဇဝတ်မှုများနဲ့ ခြစားမှုများ မှတ်တမ်းတင်ရေး စီမံချက် ဝက်ဆိုက်မှာ ရေးပါတယ်။











