မြန်မာကို မုတ်သုံ ဘယ်လိုဝင်မလဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
မေလ ဒုတိယပတ်ကစလို့ အနောက်တောင် မုတ်သုံလေဝင်ရောက်လာချိန်နဲ့ တပြိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာနိုင်တာကြောင့် နိုင်ငံတဝန်းမှာ မိုးဦးကာလအစောပိုင်းမှာပဲ မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးပါတယ်။
ဒီလေဖိအားနည်းရပ်ဝန်းဟာအိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်နိုင်ပြီး မြန်မာကို တိုက်ရိုက်မဝင်နိုင်ဘူးလို့ ခန့်မှန်းထားပေမဲ့ အဲဒီကနေ လွင့်လာတဲ့ မိုးတိမ်တောင်တွေကြောင့် မိုးများနိုင်တယ်လို့ နေပြည်တော်၊မိုးဇလဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ရှင်းပြပါတယ်။
တဆက်တည်းမှာပဲ မြန်မာမှာ မုတ်သုံလေဟာ မေ ၁၃ ရက် ကနေ ၁၇ ရက်အတွင်း တောင်ပိုင်းဒေသတွေ၊ မေ ၁၈ ရက် ကနေ ၂၂ ရက်အတွင်း တနိုင်ငံလုံးကို ပြန့်နှံမှာဖြစ်တယ်လို့ နေပြည်တော်၊မိုးဇလ က ခန့်မှန်းတွက်ချက်ထားပါတယ်။
မိုးများနိုင်တဲ့ဒေသတွေထဲမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီ စတဲ့တိုင်းတွေ ပါဝင်ပြီး ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေမှာတော့ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။
ပုံမှန်အားဖြင့် မြန်မာမှာ ဇွန်လ အစောပိုင်းမှသာ မိုးရရှိတာဖြစ်ပြီး ဒီနှစ်ရဲ့ မိုးကြိုကာလဟာ မေလကတည်းက စောဝင်မယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။
မုတ်သုံအဝင်ဟာ အယ်နီညိုနဲ့ လာနီညာရာသီဥတုဖြစ်စဥ်တွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
အားပျော့တဲ့ လာနီညာဟာ ၂၀၂၆ ခုနှစ် အစောပိုင်း ဖေဖော်ဝါရီအထိရှိခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် WMO က မတ် မှာထုတ်ပြန်ထားပါတယ်။ ဧပြီကနေ ဇွန်အထိ ကြားရာသီဥတုအဖြစ် ရှိနေပြီး ဇူလိုင်အတွင်းမှာ အယ်နီညိုအဖြစ်ကူးပြောင်းဖို့ ၄၀ ရာခိုင်နှုန်း ရှိတယ်လို့ WMO က ပြောထားပါတယ်။
လာနီညာဖြစ်ပေါ်တဲ့အခါ ပုံမှန်ထက် မိုးပိုရွာခြင်း၊ မိုးသည်းထန်ခြင်းနဲ့ ဆောင်းရာသီမှာ အအေးပိုခြင်း၊ အချိန်အခါမဟုတ် မိုးရွာခြင်းတွေ ဖြစ်ပေါ် နိုင်ပါတယ်။ အယ်နီညိုဖြစ်စဥ်မှာတော့ မိုးရွာသွန်းရက် လျော့နည်းခြင်း၊ မိုးနှောင်းကာလ မိုးမရွာခြင်းနဲ့ မိုးခေါင်ရေရှားပါးခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။
"ပုံမှန်ဆို မေလအထိ ပူနေခဲ့တာ။ အခုနှစ်က မတ်လကစပြီး မိုးတွေရွာတယ်။ ပြီးခဲ့တဲ့ ဆောင်းတုန်းကတော့ လာနီညာဖြစ်နေခဲ့တာပါ။ လာမယ့် ဇွန်နဲ့ ဇူလိုင်မှာဆိုရင်တော့ အယ်နီညို ကို ပြောင်းနိုင်တယ်။ ဒါတွေက ပုံမှန်မဟုတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေလို့ ပြောလို့ရတယ်"လို့ ဦးကျော်မိုးဦးက သတိပေးပါတယ်။
မိုးဦးကာလမှာ ဘာတွေ သတိထားရမလဲ

ဓာတ်ပုံ ရင်းမြစ်, CTER-Karenni
မေလ ဒုတိယ ၁၀ ရက်ပတ်အတွင်း (မေ ၁၁ - မေ ၂၀) မှာဆိုရင် ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်ရှိနိုင်ပြီး ၁ ကြိမ်ကတော့ မုန်တိုင်းငယ်အဖြစ် ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
လက်ရှိအခြေအနေအရတော့ မိုးကြီးနိုင်တဲ့ ဖြစ်စဉ်တွေနဲ့အတူ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေအတွက် ကြိုတင်သတိထားကြဖို့ကို မိုးလေဝသ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA) ကလည်း ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ မကွေး၊ ရခိုင်၊ မွန်၊ ရန်ကုန်နဲ့ ဧရာဝတီတို့မှာ မိုးကြီးနိုင်တဲ့အန္တရာယ်ရှိတယ်ဆိုပြီး မေ ၁၀ ရက်ကတည်းက "အနီရောင်သတိပေးချက်" ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ အိမ်အဆောက်အဦတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အမြန်စတင်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
MOSLHA ရဲ့ သတိပေးချက်တွေထဲမှာ မေ ၁၁ ကနေ ၁၇ ရက်အတွင်း မိုးကြီးတာအပြင် လေပြင်းတိုက်တာ၊ မိုးတိမ်တောင်တွေဖြစ်တာ၊ မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မိုးဇလဌာနတွေက ဒီလို သတိပေးချက်တွေကြောင့် တချို့မြို့နယ်တွေမှာ ပရဟိတအဖွဲ့တွေက ကယ်ဆယ်ရေးအတွက် ကြိုတင်လေ့ကျင့်တာတွေ လုပ်ဆောင်နေကြတာတွေ ရှိနေပါပြီ။
အထူးသဖြင့် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး အမိုးအကာ၊ လုံခြုံမှုမရှိဘဲ နေထိုင်ကြရတဲ့ စစ်ဘေးရှောင်စခန်းတွေကို ကြိုတင်ပြင်ဆင်ဖို့ MOSLHA က သတိပေးထားပါတယ်။
မြန်မာနိုင်ငံထဲမှာ စစ်ဘေးရှောင်ဦးရေဟာ ၃.၇ သန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ၂၀၂၆ ခုနှစ် မေ ၄ မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း နေအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ စစ်ကြောင်းထိုးတာတွေ၊ လေကြောင်းဗုံးကြဲခံရတာတွေကြောင့် မကြာခဏ ရွှေ့ပြောင်းကြရပြီး ယာယီတဲတွေလည်း အကြိမ်ကြိမ် ပြန်ဆောက်နေကြရပါတယ်။
မုတ်သုံဝင်လာချိန်မှာလည်း နှစ်ချီကြာလာလို့ ယိုယွင်းလာတဲ့ အမိုး၊ အကာ၊ အခင်း လုံခြုံဖို့အတွက် ထပ်တိုးပြင်ဆင်ရမှာတွေ ရှိလာပါတယ်။
အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေ၊ ယာယီနေအိမ်တွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မိုးကြီးနိုင်တဲ့အန္တရာယ်ကို ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မိုးလေဝသဌာနတွေက သတိပေးထားပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်စခန်းတချို့မှာ မိုးရာသီအတွက် အရေးပေါ်ပြင်ဆင်တာတွေ စတင်နေကြပေမယ့် စိန်ခေါ်ချက်တွေလည်းရှိနေကြပါတယ်။
- ဒေသတွင်း စစ်ရေးတင်းမာမှုနဲ့ တိုက်ပွဲများ
- လမ်းပန်းဆက်သွယ်သွားလာရေးအခက်အခဲများ
- ယာယီဆောက်လုပ်ရေးပစ္စည်းများကုန်ကျစရိတ်မြင့်တက်မှု
လျာထားတာနဲ့လက်တွေ့ ကွာခြားနေတဲ့ ပြင်ဆင်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း
စစ်ဘေးရှောင်ဖို့ နေရပ်စွန့်ခွာချိန်မှာ ယာယီခိုလှုံရာအဖြစ် ဆောက်ခဲ့ကြတဲ့ ဓနိမိုး၊ ဝါးကာ၊ ဝါးခင်းတဲတွေဟာ နှစ်နဲ့ချီကြာလာတဲ့အခါ မိုးဒဏ်၊ လေဒဏ်ကို မခံနိုင်တော့တဲ့အခြေအနေတွေဖြစ်နေတယ်လို့ ဘီဘီစီက စကားပြောခွင့်ရခဲ့တဲ့ ရခိုင်နဲ့ ကရင်နီက စစ်ရှောင်အရေးကူညီတဲ့အဖွဲ့တွေကပြောပါတယ်။
မိုးဦးကာလမတိုင်ခင် ဧပြီလအတွင်းမှာပဲ ရခိုင်ပြည်နယ်နဲ့ ကယား (ကရင်နီ) ပြည်နယ်တို့မှာ မိုးတိမ်တောင်ကြောင့် ဖြစ်လာတဲ့ မိုးသက်လေပြင်းတိုက်ခတ်မှုတွေကြောင့် စစ်ရှောင်တဲတွေ ပျက်စီးခဲ့ပါတယ်။ ရခိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကယား(ကရင်နီ)က ဒီမောဆိုးမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်တဲအလုံးရေ ၅၀ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။
ဒီနှစ် မုတ်သုံမဝင်ခင်ကာလမှာ မိုးတိမ်တောင်ဖြစ်ပွားမှုတွေဟာ ပုံမှန်နှစ်တွေထက် ၂၀ ရာခိုင်နှုန်းလောက် ပိုများနေတယ်လို့ နေပြည်တော် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
မိုးဦးရာသီ စတင်ဝင်ရောက်လာပြီး မိုးတိမ်တောင်တွေ ဆက်ရှိနေနိုင်တာကြောင့် စစ်ဘေးရှောင်စခန်းတွေမှာလည်း မိုးရာသီအတွက် အရေးပေါ်ပြင်ဆင်မှုတွေ စတင်နေကြပါတယ်။
ဒီဒေသ ၂ ခုဟာ လာမယ့် မိုးဦးကာလမှာလည်း မိုးများတာနဲ့ မိုးထစ်ချုန်း ရွာသွန်းမှုတွေဖြစ်နိုင်တယ်လို့ သတိပေးထားတဲ့ ဒေသတွေထဲပါဝင်ပါတယ်။
ဒါပေမဲ့ ယာယီတိမ်းရှောင်ရာကနေ နှစ်နဲ့ချီကြာလာတဲ့အခါ စစ်ရှောင်တဲအများစု ယိုယွင်းပျက်စီးလာပြီး မဖြစ်မနေ ပြုပြင်ရမယ့်အခြေအနေ ရောက်နေပြီလို့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ဒါရိုက်တာ ကိုမျိုးဟိန်းလှိုင်က ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ၄ သိန်း ၈ သောင်းကျော်ရှိနေပါတယ်။ အဲဒီထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုတည်းမှာပဲ စစ်ရှောင်စခန်း ၂၀ ကျော်နဲ့ လူဦးရေ ၅ သောင်းကျော် ရှိနေတယ်လို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းရဲ့ စာရင်းတွေအရ သိရပါတယ်။
အဲဒီစခန်းတွေထဲက စစ်ရှောင်တဲ ၁,၀၀၀ ကျော်ဟာ ယိုယွင်းပျက်စီးနေပြီး မဖြစ်မနေ ပြင်ဆင်ရမယ့်အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
"တချို့ကတော့ ရှာကြံပြီး ပြန်ပြင်ကြ၊ ဆောက်ကြတာပေါ့။ အများစုကတော့ မပြင်နိုင်ကြသေးတော့ ယိုင်နေတာတွေ တောင့်ထောက်ထားရတယ်။ မိုးဒဏ်၊ လေဒဏ် ခံနိုင်ရည်ရှိဖို့ကတော့ အသစ်ပြန်ဆောက်မှ ရမှာ" လို့ ကိုမျိုးဟိန်းလှိုင်က ပြောပါတယ်။
စစ်ရှောင်တဲအသစ်တစ်လုံး ဆောက်လုပ်ဖို့ ကနဦးမှာ ကျပ် ၄ သိန်းဝန်းကျင် ခန့်မှန်းထားပေမဲ့ လက်ရှိကုန်ကြမ်းဈေးနှုန်းမြင့်တက်လာတာကြောင့် တဲတစ်လုံးကို ကျပ် ၇ သိန်းနီးပါးအထိ ကုန်ကျနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဒါကြောင့် လိုအပ်နေတဲ့ စစ်ရှောင်တဲအရေအတွက်အားလုံးကို အချိန်မီ ပြင်ဆင်ပေးနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ တဲအသစ်ပြန်ဆောက်ဖို့ တစ်လုံးကို ၄ သိန်းနှုန်းနဲ့ အလှူခံခဲ့ပေမဲ့ လက်တွေ့ ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်တဲ့အခါမှာ ကျပ် ၇ သိန်းဖြစ်လာတာကြောင့် လိုအပ်သလောက် မပံ့ပိုးပေးနိုင်ကြတဲ့အခြေဆိုက်နေကြတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CTER-Karenni
လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏကြုံနေရတဲ့ ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ဘေးရှောင်တွေဟာ စစ်ရေးအန္တရာယ်တင်မက မိုးရာသီဝင်လာမှုအတွက်ပါ အခက်အခဲနှစ်ဆ ကြုံနေရပါတယ်။
မိုးဦးကာလ မတိုင်ခင်ကတည်းက မိုးသက်လေပြင်းတွေ တိုက်ခတ်တာ၊ စစ်ကြောင်းထိုးတာနဲ့ နေအိမ်မီးရှို့ခံရတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် စစ်ဘေးရှောင်စခန်းတွေမှာ မိုးရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ ပိုခက်ခဲလာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
"စစ်ရှောင်တွေ ဘယ်ပြင်ဆင်နိုင်မလဲဗျာ။ ပြင်စရာလည်း ငွေမရှိဘူး။ အဆင်မှ မပြေကြတော့တာ" လို့ ဖရူဆိုး၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေကို ကူညီပေးနေတဲ့ ထွန်းမြန်မာ ဒိုနေရှင်းအဖွဲ့က ကိုထွန်းက ပြောပါတယ်။
မေလ ဒုတိယပတ်အတွင်းမှာပဲ ဖရူဆိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်မှုတွေရှိခဲ့ပြီး စစ်ရှောင်တဲတွေအပြင် ကျေးရွာထဲက နေအိမ်တချို့လည်း မီးရှို့ခံခဲ့ရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တွဲဖက်အတွင်းရေးမှူး (၂) ကိုဗညားခွန်းအောင်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်းတွေ မကြာခဏ ရွှေ့ပြောင်းနေရသလို စစ်ရှောင်အသစ်တွေလည်း ဆက်တိုးလာနေတဲ့အတွက် စစ်ရှောင်တွေတင်မက ကူညီပေးနေသူတွေအတွက်ပါ ဝန်ပိလာနေတယ်လို့ သူက ဆိုပါတယ်။
IEC ဘက်က ပြည်နယ်အဆင့် သဘာဝဘေးကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပေမဲ့ ကူညီနိုင်တဲ့အင်အားနဲ့ မြေပြင်မှာ လိုအပ်နေတဲ့ လူဦးရေကြား ကွာဟချက်ကြီးမားနေတယ်လို့ ကိုဗညားခွန်းအောင်က ပြောပါတယ်။
"လမ်းပိုင်းဆက်သွယ်ရေးတွေကလည်း မကောင်းဘူး။ ငွေကြေးလည်း မလုံလောက်ဘူး။ စစ်ရှောင်တွေက များလာတော့ အရေးပေါ်ကူညီဖို့ ခက်တယ်။ ကြိုတင်ပြင်ဆင်နေပေမဲ့ နိုင်တဲ့ဝန်ထက် ပိုများနေတယ်" လို့ သူက ပြောပါတယ်။
လက်ရှိ မိုးဦးရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွေမှာ နေထိုင်ရေးအခက်အခဲကို အဓိကဦးစားပေး ဖြေရှင်းနေကြရသေးပြီး၊ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကူးစက်ရောဂါဆိုင်ရာ အန္တရာယ်တွေကို အပြည့်အဝ ကိုင်တွယ်နိုင်ဖို့ကတော့ အကန့်အသတ်တွေ ရှိနေဆဲဖြစ်ပါတယ်။
NUG နဲ့ နေပြည်တော် မိုးလေဝသနဲ့ ဇလဗေဒဌာနတို့က မုတ်သုံအစောပိုင်း ရာသီဥတုအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ရေး သတိပေးချက်တွေ ထုတ်ပြန်နေကြပေမဲ့၊ တော်လှန်ရေးဒေသတွေမှာတော့ စစ်ရေးမတည်ငြိမ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ အထောက်အပံ့မလုံလောက်မှုတွေကြောင့် မိုးရာသီအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ ရုန်းကန်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။









