ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒဏ်ရာသက်သာလာတဲ့ နေမာနဲ့ နယ်သာလန်က တင်ဘာမပါနိုင်တော့မယ့် ကမ္ဘာ့ဖလား
နေမာ အခြေအနေတိုးတက်လာနေ
ဘရာဇီးရဲ့ စံချိန်တင် ဂိုးသွင်းရှင် နေမာ ခြေသလုံးကြွက်သားဒဏ်ရာရနေတာကနေ အခြေအနေတိုးတက်လာနေတယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
ပြီးခဲ့တဲ့လ ဆေးစစ်တုန်းက သူ့ကြွက်သားမှာ အတွင်းသားပြဲသွားတာလေးဖြစ်လို့ နှစ်ပတ် သုံးပတ်လောက်နားနေရမယ်လို့ ဆရာဝန်တွေက မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ မနေ့က ဒဏ်ရာကို စကန်ရိုက်ကြည့်တဲ့အခါ မျှော်လင့်ထားသလို တိုးတက်မှုကို တွေ့ရတယ်လို့ ဆေးအဖွဲ့က ပြောပါတယ်။
နေမာဟာ ဘရာဇီးကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြိုခြေစမ်းပွဲနှစ်ပွဲစလုံးမှာ ဝင်မကစားခဲ့ရပါဘူး။ ပြီးခဲ့တဲ့လက ပနားမားကို ၆-၂ နဲ့နိုင်တဲ့ပွဲရော ပြီးခဲ့တဲ့ စနေက အီဂျစ်ကို ၂-၁ နဲ့နိုင်တဲ့ပွဲမှာရော သူမပါခဲ့ပါဘူး။
ဇွန်လ ၁၃ ရက်နေ့မှာ မော်ရိုကိုနဲ့ အဖွင့်ပွဲစကစားချိန် သူ ပွဲထွက်ကစားနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ဘာစီလိုးနားနဲ့ ပီအက်စ်ဂျီတို့မှာကစားခဲ့ပြီး အခုတော့ သူ့ မူလအသင်း ဆန်တို့စ်မှာ ၂၀၂၅ ကစလို့ ပြန်ကစားနေပါတယ်။
နေမာဟာ ဘရာဇီးအတွက် ၁၂၈ ပွဲကစားပြီး ၇၉ ဂိုး သွင်းပေးထားပါတယ်။ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲတွေမှာ ဝင်ကစားခဲ့လို့ အခုပါနဲ့ဆို ကမ္ဘာ့ဖလားပြိုင်ပွဲ လေးကြိမ်ဝင်ကစားသူ ဖြစ်လာမှာပါ။
နယ်သာလန်က တင်ဘာ ကမ္ဘာ့ဖလားမကန်နိုင်တော့
အာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်ဘာဟာ ပေါင်ခြံနာနေတဲ့ ဒဏ်ရာက မသက်သာလာလို့ ကမ္ဘာ့ဖလားပွဲမှာ ဝင်မကစားနိုင်တော့ဘူးလို့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ပြောပါတနယ်။ သူ့အစား ဆန်းဒါးလန်းမှာ ကစားနေတဲ့ လူရှာရယ် ဂီယာထရူဒါကို အားဖြည့်ခေါ်ယူလိုက်ပါတယ်။
တင်ဘာဟာ ဒဏ်ရာကြောင့် မတ်လထဲက ပွဲမကစားနိုင်ပေမဲ့ မေလ ၃၀ ရက်နေ့က အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအဖြစ် ပီအက်စ်ဂျီနဲ့ ကစားတဲ့ပွဲမှာတော့ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပါတယ်။ အာဆင်နယ်မန်နေဂျာ မီကဲလ်အာတာတာက တင်ဘာ ကျန်းမာရေးကောင်းပြီး ဝင်ကစားနိုင်မယ်လို့ အဲဒီပွဲမစခင်က ပြောခဲ့ပါတယ်။
အခုတော့ သူ့ ဒဏ်ရာက လုံလုံလောက်လောက် သက်သာမလာသေးဘူးဆိုပြီး နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ တင်ဘာဟာ နယ်သာလန်အတွက် ၂၃ ပွဲကစားထားပါတယ်။
နယ်သာလန်ဟာ အုပ်စု အက်ဖ်မှာ ဇွန် ၁၄ မှာ ဂျပန်နဲ့ စကစားရမှာဖြစ်ပြီး ဆွီဒင်၊ တူနီးရှားတို့နဲ့လည်း တစ်အုပ်စုထဲကျပါတယ်။
ဆိုမာလီ ဒိုင် အမေရိကန်ကို ဝင်ခွင့်မရ
၂၀၂၅ ခုနှစ်က အာဖရိကဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲမှာ တစ်နှစ်တာအကောင်းဆုံး အမျိုးသားဒိုင်လူကြီးဆုရခဲ့တဲ့ ဆိုမာလီယာ ဒိုင်လူကြီး အာတန်ဟာ အမေရိကန် မိုင်ယာမီလေဆိပ်မှာ ပြည်ဝင်ခွင့်ငြင်းခံရလို့ သူ ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာ ဒိုင်လုပ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူအခု တူရကီကို ရောက်နေပါတယ်။ သူ့ကို ဘာလို့ပြည်ဝင်ခွင့်မပေးတာလဲဆိုတာကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြီးမပြောပါဘူး။ ဒါပေမဲ့ သမ္မတထရမ့်အစိုးရက ဗီဇာပိတ်ထားတဲ့ နိုင်ငံတွေထဲမှာ ဆိုမာလီယာလည်း ပါနေပါတယ်။
ဖီဖာတာဝန်ရှိသူတွေက အမေရိကန်အစိုးရနဲ့ စကားပြောဆိုပြီးတဲ့နောက်မှာ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာတန်ဒိုင်အဖြစ်ပါဝင်တော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။
"အရင်လုပ်ခဲ့တဲ့ ပြိုင်ပွဲတွေရဲ့ အစဥ်အလာအတိုင်းပဲ ဘယ်သူကို ပြည်ဝင်ခွင့် ပေးမပေးဆိုတာ အိမ်ရှင်နိုင်ငံတွေရဲ့ အဆုံးအဖြတ်ပါပဲ" လို့ ဖီဖာကပြောပါတယ်။
ကမ္ဘာ့ဖလားဒိုင်တွေရဲ့အကြီးအကဲ ပီယာလွီဂွီ ကိုလီနာက မိုင်ယာမီမှာစခန်းဖွင့်ပြီး ကမ္ဘာ့ဖလားမှာ ဒိုင်လုပ်ကြမယ့် ဒိုင် ၅၂ ယောက်နဲ့ အကူဒိုင် ၈၈ ယောက်တို့ကို လေ့ကျင့်သင်ကြားပေးနေပါတယ်။
ကွင်းလယ်ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ကြမယ့် ဒိုင်အားလုံးဟာ လေ့ကျင့်ဖို့၊ ပြင်ဆင်ဖို့နဲ့ လုံခြုံရေးအတွက် ဖလော်ရီဒါစခန်းမှာ နေကြရမှာဖြစ်ပါတယ်။
ဒါကြောင့် ဆိုမာလီဒိုင် အာတန်ဟာ အမေရိကန်ပြင်ပမှာပဲ နေထိုင်ပြီး ကနေဒါနဲ့ မက္ကဆီကိုမှာ ကစားမယ့်ပွဲတွေကိုပဲ ဒိုင်လုပ်မယ်လို့ စီစဥ်လို့ မဖြစ်နိုင်ပါဘူး။
ဆိုမာလီနိုင်ငံသားထဲက ပထမဆုံးကမ္ဘာ့ဖလားဒိုင်လုပ်ခွင့်ရသူဖြစ်လာဖို့ အခွင့်အလမ်းလည်း သူ ဆုံးရှုံးသွားရပါတယ်။
ကမ္ဘာ့ဖလားက ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
အီရန်ပရိသတ်တွေအတွက် လက်မှတ်တွေကို ဘောလုံးအဖွဲ့ချုပ်က ရောင်းမပေးတော့
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဥ်တွေစဖို့ ရက်ပိုင်းပဲအလိုမှာ အီရန် ပရိသတ်တွေအတွက်ရထားတဲ့ လက်မှတ်ခွဲတမ်းကို မရောင်းပေးတော့ဘူးလို့ အီရန်ဘောလုံးအဖွဲ့ချုပ်က ကြေညာပါတယ်။
အုပ်စုပွဲမှာ အီရန်ဟာ နယူးဇီလန်နဲ့ ဇွန် ၁၅ ရက်၊ ဘယ်လ်ဂျီယမ်နဲ့ ဇွန် ၂၁ ရက်မှာ ကစားရမှာပါ။ အဲဒီ နှစ်ပွဲစလုံးက အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မှာ ကစားရမှာဖြစ်ပြီး ဇွန် ၂၆ ရက်နေ့ အီဂျစ်နဲ့ပွဲကိုတော့ ဆီယက်တဲလ်မှာ ကစားရမှာပါ။
ဖီဖာရဲ့ စည်းမျဥ်းအရ ပြိုင်ပွဲဝင်နိုင်ငံက ဘောလုံးအဖွဲ့ချုပ်တွေဟာ သူတို့နိုင်ငံ ပရိသတ်အတွက် သူတို့အသင်းကန်တဲ့ ပွဲစဥ်တိုင်းမှာ လက်မှတ် အရေအတွက် ၈ ရာခိုင်နှုန်း ရရှိပါတယ်။ အီရန် ဘောလုံးအဖွဲ့ချုပ်က သူတို့ရတဲ့ လက်မှတ်တွေကို ပရိသတ်ကို စရောင်းချပေးနေပြီဖြစ်ပြီး တချို့ပရိသတ်တွေက သူတို့ သွားကြည့်ဖို့ ခရီးစဥ်တွေကိုတောင် စီစဥ်ထားကြပြီးပြီလို့ဆိုပါတယ်။
ဒါပေမဲ့ အီရန်နဲ့ အမေရိကန်တို့ စစ်ပွဲစဖြစ်လာပြီးတဲ့နောက်မှာ အမေရိကန်အနေနဲ့ အီရန်ဘောလုံးအသင်းကို လက်ခံဖို့လိုလားပုံမပြဘူးဆိုပြီး အီရန်အသင်းဟာ မူလက အမေရိကန် အရီဇိုးနားပြည်နယ် တူးဆွန်မှာ အခြေစိုက်ဖို့ရှိရာကနေ ထွက်ပြီး မက္ကဆီကိုက တီဟွာနာမြို့မှာ သွားအခြေစိုက်ရပါတယ်။
အမေရိကန်ဗီဇာကန့်သတ်ချက်အရ အီရန်အသင်းဟာ သူတို့ ကစားတဲ့ ပွဲသုံးပွဲစလုံး ပွဲစဥ်ရှိတဲ့နေ့တွေမှာ ဝင်လာကစားပြီးတာနဲ့ နိုင်ငံထဲက ပြန်ထွက်ရမှာ ဖြစ်ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ကတော့ အခုလို အားကစားပွဲတွေမှာ နိုင်ငံရေးအရစွက်ဖက်မှုရှိတာတွေကို ဖီဖာအနေနဲ့ တည့်မတ်ကြားနေစွာဆောင်ရွက်ပေးဖို့လိုတယ်လို့ ပြောထားပါတယ်။
အီရန်ပရိသတ်တွေအနေနဲ့လည်း ဘောလုံးပွဲသွားကြည့်ဖို့အတွက် ပြည်ဝင်ခွင့်ဗီဇာရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။